ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေထောက်ပံ့ပေးအပ်

ပင်လောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံသို့ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာ စကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဖြည့်စွက်တင်ပြခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှုမဖြစ်ပွားစေရေး ဈေးများယာယီပိတ်ထားရသည့်အတွက် ပျံကျ ဈေးသည်များ ဈေးရောင်းချရန် အခက်အခဲများ ကြုံတွေ့ကြရပြီး ဝယ်ယူစာသုံးသူများလည်း အခက်အခဲ တွေ့ရှိရသောကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီတို့နှင့် ပျံကျဈေးပြန်လည် ဖွင့်လှစ်ရောင်းချနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ထိုနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံသို့ ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းများနှင့် အလှူငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ လက်ခံရရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)