ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များ လွှဲပြောင်းပေးအပ်

ညောင်ရွှေ ဇူလိုင် ၁၅

ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ငါးမျိုးပြုန်းတီးမှုများ ကာကွယ် တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်း ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ငါးသားပေါက်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များထံသို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးဌာနမှူး ဦးကျော်သီဟထွေး၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးတို့မှ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ငါးစခန်းတာဝန်ခံ ဒေါ်မိမိခိုင်က ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လွှဲပြောင်းပေးအပ်သည့် ငါးသားပေါက်များမှာ ငါးဖိန်း သားပေါက်ကောင်ရေ(၅) သောင်း၊ ငါးခုံးမ သားပေါက်ကောင်ရေ(၂)သောင်းခွဲ၊ ငွေရောင်ငါးကြင်း သားပေါက်ကောင်ရေ (၂) သောင်းခွဲ၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ(၁)သိန်းတို့ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ