ပင်းတယမြို့၌ ခရမ်းချဉ်သီးခူးဆွတ်ရောင်းချ၊ တောင်သူများဈေးကောင်းရရန် မျှော်လင့်

ပင်းတယ ဇူလိုင်    ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင်လ ပထမအပတ်မှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် ယခင်လက တစ်ပိဿာ (၁၀၀၀) ကျပ်နှုန်းမှ ယခုအခါ တစ်ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့်သာ ခူးဆွတ်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ကိုဗစ်-၁၉ တတိယ လှိုင်းတွင် အသွားအလာ ကန့်သတ်မှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဈေးအရောင်းအဝယ် အေးနေကြောင်း သိရသည်။ 

ခရမ်းချဉ်သီးများ စိုက်ပျိုးရာတွင် တန်ခူးလမှစတင်ကာ မျိုးစေ့များပျိုးထောင်ပြီး တစ်လ အကြာတွင် ပျိုးပင်များကို ရာသီဥတု အပေါ်မူတည်၍ စိုက်ပျိုးသည်။ ပျိုးပင်များစိုက်ပျိုးပြီး နှစ်လခန့် အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးတစ်ပင်လျှင် အနည်းဆုံး တစ်ပိဿာ ခန့်ထွက်ရှိပြီး တစ်ပတ်တစ်ခါ ပျိုးပင်ပေါ်မူတည်ခူးဆွတ်ကြပြီး  အောင်ပန်းမြို့ပွဲရုံများနှင့် မန္တလေး မြို့ပွဲရုံများသို့ တင်ပို့ ရောင်းချကြကြောင်း၊ တစ်ချို့သီးနှံပွဲစားများအနေဖြင့် စိုက်ကွင်းထဲသို့ ကိုယ်တိုင် လာရောက် အခင်းပြတ်ဝယ်ယူကြပြီး ခရမ်းချဉ်သီးခူးဆွတ်သူများအား တစ်ဦးလျှင် နေ့စားခ ကျပ် (၅၀၀၀) နှုန်းပေးရကြောင်း သိရှိရသည်။

ပင်းတယမြို့နယ်တွင် ရာသီအလိုက် ဒေသထွက်ကုန်များအနေဖြင့် ကော်ဖီ၊ လဖ္ဘက်၊ ဂျုံ၊ ပြောင်း၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ဂျူး ၊ ပဲပုတ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် တောင်ယာ စပါးများစသည်တို့ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

ပင်းတယ