ဗန်းမော်မြို့နယ်တွင် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အမိန့် အား (၃)ရက်မြောက် ဆက်လက်အသိပေးဆော်ဩ

ဗန်းမော် ဇူလိုင် ၁၅
 
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု များပြားလာခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အမိန့်ကို ယနေ့ နံနက်ပိုင်းအထိ (၃)ရက်မြောက် ဆက်လက်အသိပညာပေး ဆော်ဩလျှက်ရှိကြောင်း သိရသည်။
အသိပညာပေးဆော်ဩရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအားလုံး နေအိမ်တွင်နေထိုင် ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းကစတင်၍ ပြည်သူများအား မလိုအပ်ဘဲ အပြင်ထွက်ခြင်းရှိမရှိကို တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိ ကြောင်းနှင့် အမိန့်ကြေညာချက်ကို ပြည်သူများလိုက်နာစေရေး အတွက် ဗန်းမော်ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အသံချဲ့စက်ဖြင့် လည်းကောင်း၊ စောင်းဘောက်ဖြင့် လည်းကောင်း လှည့်လည်အသိပညာပေးဆော်ဩ လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကမ်းနားလမ်းပျံကျဈေးနှင့် မြို့ပေါ်ရပ်ကွက် များတွင် လှည့်လည် အသိပညာပေးဆော်ဩလျက်ရှိသည်။
ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၄ ရက်နေ့ည(၉)နာရီအထိ ဗန်းမော်မြို့နယ်တွင် (၃၂၅)ဦး၊ မိုးမောက် မြို့နယ်တွင် (၁၁၂)ဦး၊ မန်စီမြို့နယ် တွင် (၄၂)ဦး၊ ရွှေကူမြို့နယ်တွင် (၂၆၁)ဦး စုစုပေါင်း(၇၄ဝ)ဦး ရောဂါပိုးကူးစက်ခံ ရပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ဗန်းမော်မြို့နယ်တွင် (၃၉)ဦး၊ မိုးမောက်မြို့နယ်တွင် (၃)ဦး၊ မန်စီမြို့နယ်တွင် (၅)ဦးနှင့် ရွှေကူမြို့နယ်တွင် (၄၈)ဦး စုစုပေါင်း(၉၅)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ ကာ ဗန်းမော်ခရိုင်အတွင်း သေဆုံးသူစုစုပေါင်း (၈)ဦးရှိကြောင်း သိရသည်။