ပင်းတယ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပန်းထိန်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိလျက် ရှိသည်။
အဆိုပါပန်းကို ပန်းထိန်မနိုင်(ပန်းထိန်ငို)ပန်းဟု ခေါ်ဆိုရခြင်းမှာ ဤပန်းသည် အလွန်ရိုးရှင်းလှပပြီး အခက်အနွယ်များဖြင့် ပေါင်းစပ်ထားသဖြင့် အဆိုပါပန်းပုံစံအား ပန်းထိန်ဆရာကပင် ထုဆစ်၍မရလောက်အောင် အခက်အလက်များမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့်အတွက် ပန်းထိန်ဆရာကပင် ငိုရလောက်သည်အထိ ခက်ခဲရသောကြောင့် ဤပန်းကို ပန်းထိန်မနိုင် (ပန်းထိန်ငို) ဟူ၍ ခေါ်ဆိုရခြင်းဖြစ်ကြောင်း ပန်းစိုက်သည့် တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ပန်းစိုက်တောင်သူ မမီမီခိုင် က အရင်နှစ်ပန်းထိန်ငိုပန်းသည် တစ်ခက်လျှင် တစ်ရာကျပ်နှုန်းရရှိပြီး (၁၀)ခက်စည်းတစ်စည်းလျင် ၁၀၀၀ ကျပ်ရရှိကြောင်း၊ ယခုနှစ် (၂၀၂၁) ဝါဆိုလ ပန်းထိန်ငိုပန်းသည် တစ်ခက်လျင် ၅၀ ကျပ်သာရရှိပြီး (၁၀) ခက်စည်း တစ်စည်းလျင် ၅၀၀ ကျပ်သာရရှိကြောင်းနှင့် အဆိုပါပန်းသည် ဝါဆိုလမှတော်သလင်းလအထိ (၃) လကြာ ခူးဆွတ်၍ရောင်းရကြောင်း၊ ပန်းထိန်ငိုပန်းအမျိုးအစားမှာ ဥပွားအမျိုးအစားဖြစ်ပြီး ဥတစ်ဥတွင် အပင်ပွား (၁၅) ပင်မှ (၂၀) ပင်ထိရှိကြောင်း ပန်းများအားလုံး ခူးဆွတ်ပြီး သီတင်းကျွတ်လတွင် ခူးဆွတ်သည့်အပင်များ ကုန်သွားပါက မြေကြီးထဲတွင် ဥများကို ဆက်လက်ထားရှိကာ နောင်လာမည့်နှစ်အတွက် ပန်းမျိုးဥအဖြစ် ထားရှိကြပါသည်။ ပန်းထိန်ငိုပန်း၏ မျိုးဥများကိုရောင်းချမည်ဆိုပါက မျိုးဥတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ဤပန်းသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ရခြင်း၊ စီးပွားဖြစ်စိုက်ပျိုး၍ရခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အပိုဝင်ငွေရသောကြောင့် စိုက်ပျိုးရန်အလွန်သင့်တော်ကြောင်း ပန်းစိုက်တောင်သူမှ ပြောကြားသည်။
မိုးမိုးထွေး