ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ မကြာမီဖွင့်လှစ်မည်

ရန်ကုန် ဇူလိုင် ၁၅
 
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ မကြာမီဖွင့်လှစ်ရေး တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။
 
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ဦးဇော်ဝင်းနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး ညွန်ကြားရေးမှူးများ၊ အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ အုပ်ချုပ်မှုအဖွဲ့ တာဝန်ရှိသူများ၊ စင်တာကုသရေး တာဝန်ခံ ဆရာဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အောင်မြင်မိုရ်အိမ်ရာအား မြန်မာနိုင်ငံဆောက်လုပ်ရေး ကန်ထရိုက်တာများ အသင်းမှ ဦးဆောင်၍ ကိုဗစ်လူနာကုသရေးစင်တာ အဖြစ် ပြောင်းလဲဖွင့် လှစ်မည်ဖြစ်ရာ ဌာနဆိုင်ရာများနှင့် ဆရာဝန်ကြီးများ၊ စေတနာရှင် အသင်းအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ် ကြောင်း ပြောကြား သည်။
 
ထို့နောက် အောင်မြင့်မိုရ်စင်တာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၂၈၀၀ ဦး ထားရှိနိုင်ရန် အိပ်ယာ၊ ခြင်ထောင်၊ ကုတင်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ပြင်ဆင်ထားရှိပြီးစီးမှုများ၊ လူနာများထားရှိမည့် အခန်းများသို့ အောက်ဆီဂျင် ပိုက်လိုင်း သွယ်တန်းတပ်ဆင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်ကိုနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
 
ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက အောင်မြင့်မိုရ် ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး အကျယ်တဝင့် ဆွေးနွေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်ရောဂါလူနာများ အတွက် အောက်စီဂျင် လိုအပ်မှု များစွာရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်နေသော အောက်စီဂျင်ရရှိရေး အတွက် အလှူရှင်များ၏ ပံ့ပိုး ကူညီလှူဒါန်းမှုများဖြင့် ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းလျက်ရှိရာ မကြာမီရက်များအတွင်း ရန်ကုန်သို့ Liquid Oxygen တန် ၂၀ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ဆက်တိုက် တန် ၅၂၀ ရောက်ရှိလာမည်ဖြစ် သဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံ၊ စင်တာများတွင် လိုအပ်နေ သော အောက်စီဂျင်များကို ဖြည့်တင်းပေးမည့် အပြင် ပြည်သူများသို့လည်း အခမဲ့လှူဒါန်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ဆန်းကျော်ဦး