ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၂၉၈)ဦးထိရှိ

ကော့ကရိတ် ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ် - ၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂၉၈)ဦးအထိ ရှိလာပြီး၊ ပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်းလည်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၂၉၈)ဦးရှိသည့်အနက် ဆေးကုသဆဲ လူနာ (၂၁၁)ဦး၊ ကျန်းမာရေးကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၈၂) ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၅)ဦးရှိသည်။ အဆိုပါ ဆေးကုမှုခံယူနေသည့် ပိုးတွေ့လူနာများကို ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ ကြီးတွင် (၄၉)ဦး၊ မွေး/ကု Quarantime စခန်းတွင် (၄၉)ဦး၊ ဆောက်လုပ်ရေး Quarantime တွင် (၂၁) ဦး၊ နဘူးတိုက်နယ်ဆေးရုံတွင် (၂၂) ဦး၊ ကော့ကရိတ်မြို့ အချုပ်ထောင်တွင် (၅၄) ဦး၊ ကျုံဒိုးမြို့ပြည်သူ့ဆေးရုံတွင် (၁၅) ဦး၊ ထားရှိပြီး ခရိုင်ပြည်သူ့ဆေးရုံတာဝန်ခံနှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံတွင် လည်း ပိုးတွေ့ လူနာ (၁) ဦးမှာ ကုသမှူ ခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းနေသဖြင့် ကိုဗစ် - ၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များမှ ဇူလိုင် ၁၂ရက်နေ့မှ ယမန်နေ့ အထိ ကော့ကရိတ်မြို့ စုရပ်(၃)နေရာနဲ့ ကျုံဒိုးမြို့ စုရပ် (၃)နေရာတို့မှာ လမ်းသွားလမ်းလာ ပြည်သူများအားစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင်