ဆီဆိုင် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘ ပြည်သူများအား အပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီး သွားလာကြစေရေး အတွက် အသိပညာပေးပြောကြားပေးခြင်း၊ လက်ဆေးကန်တွင် စနစ်တကျလက်ဆေးစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျဆေးကြောပေးခြင်း၊ ကိုယ်အပူချိန်များတိုင်းတာစစ်ဆေး ပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျမှတ်တမ်းရယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆီဆိုင်မြို့အဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်း များကို မြို့နယ် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ နေ့စဉ်မပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)