နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များဖြန့်ဝေ

နောင်ချို ဇူလိုင် ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်းမဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်စေရေးအတွက် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက မြို့မဈေးလမ်းဆုံနှင့် ယာယီ ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်မြို့မဈေးလမ်းဆုံနှင့် ယာယီပျံကျဈေးတို့၌ ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများအား နေအိမ်အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍ ဈေးဝယ်ကြရန်၊ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေးနှင့်ပတ်ဝန်းကျင် နေအိမ်များသို့ သွားရောက်လည်ပတ်ခြင်းများမှ ရှောင်ကြဉ်ရေး အသိပညာပေး၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်