လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျောက်မဲမြို့ပေါ်ရှိ ပျံကျ ဈေး ၂ ဈေးကို ယာယီပိတ်သိမ်းမည်

ကျောက်မဲ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သော ပျံကျဈေးများဖြစ်သည့် ဘူတာဈေးနှင့် အမှတ် ၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးတို့ကို ဇူလိုင် ၁၆ ရက်နေ့မှစ၍ ရက်သတ္တပတ် ၁ ပတ်ခန့် ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင်ဈေးရောင်းချနေသည့် ဈေး ၄ ဈေးရှိပြီး ဗဟိုဈေးနှင့် မင်္ဂလာဈေးတို့ကို ဇူလိုင် ၃ ရက်နေ့ကတည်းက ပိတ်သိမ်းထားခဲ့ကာအခြေခံစားသောက်ကုန်များ ရောင်းချနေသော ပျံကျဈေးများဖြစ်သည့် ဘူတာဈေးနှင့် အခွန်လွတ်ဈေး တို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဌာန၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခွင့်ပြု ခဲ့သည်။

ကျောက်မဲမြို့နယ်တွင်လတ်တလောကာလ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူများပြားလာ သောကြောင့် အဆိုပါ ရောင်းချခွင့်ပြုနေသည့် ပျံကျဈေး ၂ ဈေးကို ရက်သတ္တပတ် ၁ ပတ်ခန့် ယာယီ ပိတ်သိမ်းသွားရန်လျာထားပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေ ပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးစိုးနိုင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဈေးများပိတ်သိမ်းသော်လည်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အစရှိသည့် ဟင်းချက် စရာများကို ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချနေသည့် မိုဘိုင်းဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာပေါင်း ၂၀၁ ဦး၊ သေဆုံးသူ ၆ ဦး၊ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၂ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။

မိုင်းထွန်း