ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ကျေးသီး ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့သူ အမျိုးသမီး (၂)ဦးနှင့် ထိတွေ့ခဲ့သူများ၊ ရန်ကုန်မြို့မှ မျက်စိခွဲစိတ်၍ ပြန်လည် ရောက်ရှိလာသူများ၊ Home Quarantine ဝင်ရောက်နေသူ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးအား ယမန်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ (၁၅) ဦး အနက် (၄)ဦး၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိခဲ့သူ(၄) ဦးတို့အား ကျေးသီးမြို့နယ် ၁၆ကုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့် အဆောင်( Isolation Ward ) တွင် ထားရှိဆေးကုသ သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသူ (၁၁)ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Home Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာအုပ်စု၊ ဝမ်စိမ်းတိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ အမျိုးသား ( ၂ )ဦးနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင် ၇ ဦးအား ဇူလိုင် ၁၄ ရက်နေ့က RDT စက်ဖြင့် စမ်းသပ်စစ်ဆေးရာအဆပါ (၇)ဦးအနက် (၄) ဦး၌ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ( ၄ )ဦး တို့အား ဝမ်စိမ်းတိုက်နယ်ဆေးရုံ၊ သီးသန့်အဆောင်( Isolation Ward )တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)