မိုင်းရယ်သကြားစက်ရုံမှ အလုပ်သမား ၉ ဦးတို့တွင် ကိုဗစ်ပိုး ထပ်မံတွေ့

မိုင်းရယ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော် ကျေးရွာ မိုင်းရယ်သကြားစက်ရုံ(ရှန်တော်သကြားစက်)မှ အလုပ်သမား ၉ ဦးတို့တွင် ယမန်နေ့ က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းရယ်သကြားစက်ရုံမှ အလုပ်သမား ၁၁ ဦးသည် သံသယဖြစ်ဖွယ်လက္ခဏာများ တွေ့ရှိရ သဖြင့် မိုင်းရယ်ပြည်သူ့ဆေးရုံသို့ RDT Test Kit ဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ အလုပ်သမား ၉ ဦးတွင် ကို ဗစ်-၁၉ ရောဂါ အတည်ပြုလူနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသကြားစက်ရုံတွင် ဇူလိုင်လ ၇ ရက်နေ့က စက်ပြုပြင်ထိန်းသိမ်းလုပ်ကိုင်ရန် ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားများတွင် ပိုးတွေ့လူနာ ၅ ဦးဖြစ်ပေါ်ခဲ့ပြီး ယခု ထပ်တိုး ၉ ဦးဖြင့် စုစုပေါင်း ၁၄ ဦး ရှိပြီဖြစ်သည်။

ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေစစ်ဆေး၍ အသွားအလာ ကန့်သတ်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းနှင့် ဓါတ်ခွဲနမူနာရယူခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိုင်းရယ်သကြားစက်ရုံကို ခေတ္တရပ်နားထားမည်ဖြစ် ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၈ ဦး၊ ဆေးရုံတွင်စောင့်ကြည့်ကုသလျက်ရှိသူ ၂၅ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)