ကော့သောင်း ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ယမန်နေ့က Rapid Diagnostic Antigen Test Kid (RDT) စစ်ဆေးချက်အရ သံဃာ(၂)ပါး အပါအဝင် ရန်ကုန်မြို့၊ မြိတ်မြို့များမှ ပြန်လာသူများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အပါအဝင် (၁၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှတဆင့် သိရသည်။
တကျော့ပြန်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုတွင် ကော့သောင်းမြို့နယ်အတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် နေ့စဉ်နီးပါး ရောဂါပိုးတွေ့ရှိသူများ ပေါ်ထွက်လျက်ရှိရာ ယနေ့စစ်ဆေး တွေ့ရှိချက်အရ ရန်ကုန်မှ ပြန်လာသည့် သံဃာ(၂)ပါး၊ အဝေးပြေး ယာဉ်မောင်း(၄)ဦးနှင့် ဆက်စပ်ကူးစက်ခံရသူ(၃)ဦး၊ ရန်ကုန်မြို့မှ ပြန်လာသူမြို့ခံပြည်သူ(၂)ဦးနှင့် ၎င်းမှ တဆင့်ဆက်စပ် ကူးစက်သူ(၃)ဦးနှင့် မြိတ်မြို့မှ ပြန်လာသူ(၁)ဦး၊ စုစုပေါင်း(၁၅)ဦးတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့လူနာ တင်ယာဉ်များဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဌာန၏ သတ်မှတ်ဖွင့်လှစ်ထားသည့် အရေးပေါ် ကုသရေး သီးသန့်အဆောင် ISOLATION များသို့ ရွေ့ပြောင်းကာ ဆေးဝါးကုသမှု ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပြီး ရောဂါပိုးတွေ့ရှိသူများ၏ နေအိမ်နှင့် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ လော့ဒေါင်း ထားရှိခြင်း လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက် ကပြောသည်။
ကော့သောင်းမြို့အနေဖြင့် ဇွန်လ ၁၄ရက်နေ့ စာရင်းအရ ရောဂါပိုးတွေ့ရှိကာ ဆေးကုသမှုခံယူနေသူ (၆၅)ဦးရှိကြောင်း သိရသည်။
ကျော်စိုး