ဘုတ်ပြင်း ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ဗိုလ်လှဖေဆိပ်ကမ်းရှေ့ရှိ ရေပြင်တွင် သဘာဝဘေးအန္တရာယ် ရေပြင် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်မှုတွင် ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုးရာသီပင်လယ်ပြင်အတွင်း ရေယာဉ်နှင့်လူများ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရှာဖွေကယ် ဆယ်ရေး Speed Boat များ၊ ကယ်ဆယ်ရေးသယ်ယူပို့ဆောင်ရေးယာဉ်များ အသုံးပြုကာ ပင်လယ်ပြင်အတွင်း ရေနစ်သူများအား အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာသို့ ပို့ဆောင်ခြင်း၊ ရေယာဉ်များ မီးလောင်ကျွမ်းပါက လျှင်မြန်စွာ မီးငြိမ်းသတ်ရေးစသည့် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)