မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်အတွက် ကြပ်မတ်စစ်ဆေး

မိုင်းယောင်း ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အပြင်ထွက်သွား လာသည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာကြရန် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက နမ့်မိန်ချောင်းတံတားလမ်းဆုံ၌ ကြပ်မတ်စစ်ဆေးခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ခြင်းကို Mask တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ လဝက၊ စိုက်ပျိုးရေး၊ မီးသတ်၊ ပြန်/ဆက်၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေး အသင်းဝင်တို့ပါဝင်၍ အပြင်ထွက်သွားလာသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ကြရန်၊ Hand Gel ဖြင့် လက်ကိုပွတ်ဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ထို့အပြင် နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားလာနေသူများအား နှာခေါင်းစည်း (Mask)ငါးခုကို တစ်ထောင်ကျပ်နှုန်းဖြင့် ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် တပ်ဆင်သွားလာရေး အတွက် ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အားချာ