တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာများအတွက် အောက်စီဂျင်အသက်ရှုစက်နှင့် ကုတင်များ လာရောက်လှူဒါန်း

တာချီလိတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းအချိန်က မြို့မိမြို့ဖများမှ အရေးပေါ်လူနာများအတွက် အောက်စီဂျင်အသက်ရှုစက်နှင့် ကုတင်များကို လာရောက်လှူဒါန်းခဲ့ကြသည်။

အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်းပေးလာသော အောက်စီဂျင် အသက်ရှုစက် ၈ လုံးနှင့် ကုတင် ၈ လုံးကို စစ်ဗျူဟာအဖွဲ့ (အခြေချ )တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးတို့က လက်ခံခဲ့ကြသည်။

တာချီလိတ်မြို့ခရိုင်ပြည်သူ့ဆေးရုံရှိ အောက်စီဂျင်ထုတ်စက်သည် တစ်နေ့လျင် ၄၀ လီတာဝင် အောက်စီဂျင်အိုး အလုံး ၄၀ ကို ထုတ်ပေးနိုင်ပြီး လက်ရှိတွင် ပြည်သူများမှ လှူဒါန်းပေးထားသော အောက်စီဂျင်အိုး ၁၄၀ အိုး၊ ပြည်သူ့ဆေးရုံမှ ၃၀ အိုး၊ စုစုပေါင်း ၁၇၀ အိုးကို လူနာများအတွက် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

လုပ်ငန်းလိုအပ်ချက်အရ မကြာမီရက်များအတွင်း "စံလင်းဖြိုး" ကုမ္ပဏီမှ လှူဒါန်းသော မြန်မာကျပ်ငွေ သိန်းပေါင်း (၁၇၀၀) တန်ကြေးရှိ အောက်စီဂျင်ထုတ်စက်ကို တရုတ်နိုင်ငံမှ မှာယူထားရာ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ အဆိုပါစက်သည်တစ်နေ့လျင် ၄၀ လီတာဝင်အောက်စီဂျင်အိုး အလုံး ၁၇၀ ကိုထုတ်ပေးနိုင်ပြီး ရှမ်း /အရှေ့ တစ်ခုလုံး၏ အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ စက်ရောက်ရှိလာပါက ထားရှိရန်အတွက် လိုအပ်သောကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးမင်းမင်းထွန်းထံမှ သိရှိရသည်။

ယာဆေး