မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာမှ အမျိုးသမီးနှစ်ဦးထံက ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

မိုင်းဖြတ်  ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးလာရောက်စစ်ဆေးရာ  အမျိုးသမီးနှစ်ဦးထံ က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။ 

အဆိုပါ အမျိုးသမီးနှစ်ဦးအနက် အသက် (၁၈)နှစ်အရွယ်ရှိ အမျိုးသမီးမှာ မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာ အုပ်စု၊ ဝမ်ယမ်းမိုင်ကျေးရွာတွင် နေထိုင်ပြီး တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ လုံလော် (KTV)ဆိုင်တွင် သွားရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အသက်(၂၀)နှစ်အရွယ်ရှိ အမျိုးသမီးမှာ မိုင်းဖြတ်မြို့၊ ဝမ်ပုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့ရှိ ပါလျှံရပ်ကွက်ရှိ၊ ရွှေဗူးသီးဟော်တယ်တွင် သွားရောက်အလုပ် လုပ်သူများဖြစ်ကြသည်။ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံရှိ (COVID-19 Fever Clinic) တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ    ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ အမျိုးသမီးနှစ်ဦးနှင့် ထိတွေ့ခဲ့သူ  (၁၂) ဦးတို့ကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (Ngeative) ဖြစ်သည်။ ၎င်းတို့ ၁၂ ဦးအား မိမိနေအိမ်၌ Home Quarantine  ထားရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးနှစ်ဦးအား မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄) ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး