တာချီလိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တိုးမြင့်လာသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် Quarantine Center ပြင်ဆင်ခြင်းနှင့် Stay at home ကာလ ရပ်ကွက်အတွင်း သွားလာမှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိပုဂ္ဂိုလ်များက ယနေ့နံနက်ပိုင်းအချိန်၌ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ခရိုင်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ မြို့မိမြို့ဖများသည် ခရိုင်အားကစားခန်းမ Quarantine Center ၌ သွားရောက်၍ အတည်ပြုလူနာများအတွက် လိုအပ်သည့် ကုတင်၊စောင်၊ခြင်ထောင်ခေါင်းအုပ်နှင့် အခင်းများကို ဝယ်ယူဖြည့်သွင်းပြီး အဆင်သင့်ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Stay at home ကာလ မြို့တွင်းရပ်ကွက်များ၌ ဝင်/ ထွက်သွားလာမှုကန့်သတ်ခြင်း ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုခြင်း၊ ပြည်သူများအားအသိပညာပေးခြင်းနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
တာချီလိတ်မြို့ကို ယမန်နေ့ ဇူလိုင် ၁၃ က်နေ့မှစ၍ Stay at home မြို့အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး မြို့အဝင်/ အထွက်နှင့် ရပ်ကွက်တွင်းအဝင်/ အထွက်များကို ကန့်သတ်ခဲ့ကာ မြို့တွင်းမဖြစ်မနေ သွားလာရသူများအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သွားလာခွင့် တစ်ခါသုံး ဖြတ်ပိုင်းလက်မှတ်များဖြင့် သွားလာနိုင်စေရန် စီစဉ်ပေးထားသည်။
တာချီလိတ်မြို့တွင် ဇူလိုင် ၂၈ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တိုးမြှင့်လာလျက်ရှိရာတွင် ယမန်နေ့ကအထိ ကျားမပေါင်း ၇၀ ဦးရှိပြီး ယနေ့အချိန်၌ ၃၉၁ ဦးရှိကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၄၀ ဦးခန့်ရှိကြောင်း သိရသည်။
ယာဆေး