ကျောက်ဆည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သီရိသာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က စစ်ဆေးခြင်းကို ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အမျိုးသား(၆၀)ဦး၊ အမျိုးသမီး(၂၆)ဦး၊ စုစုပေါင်း(၈၆)ဦးအား စစ်ဆေးရာတွင် အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၃၇)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်းနှင့် ကျောက်ဆည် မြို့နယ်တွင် ဇူလိုင်လ(၁၄)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသား(၁၄၀)၊ အမျိုးသမီး(၇၃)ဦး၊ စုစုပေါင်း(၂၁၃)ဦးရှိရာ ကျန်းမာရေး ကောင်းမွန်လာသောကြောင့် ဆေးရုံမှပြန်လည် ဆင်းခွင့်ရရှိသူ အမျိုးသား (၉၃)ဦး၊ အမျိုးသမီး(၃၆)ဦး၊ စုစုပေါင်း(၁၂၉)ဦးရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အမျိုးသားများအား သီရိသာသနာ့ဓမ္မာရုံ ဆွမ်းစားဆောင်တွင် လည်းကောင်း အမျိုးသမီးများကို မြင်စိုင်းခန်းမတွင် Facility Quarantine ထားရှိပြီး ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်များ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကလည်း လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)