ရန်ကုန် ဇူလိုင် ၁၄
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်မှုအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်လွဲ ၃ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗေးရှင်းစင်တာ (MCC) ကိုဗစ်ကုသရေးဌာန၌ တာဝန်ခံဆရာ ဒေါက်တာရဲပိုင်၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို ပြည်သူများသိရှိနိုင်ရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထိုသို့ ဆွေးနွေးပြောကြားရာတွင် (MCC) ကိုဗစ်ကုသရေးဌာန၊ တာဝန်ခံဒေါက်တာရဲပိုင်က ယခုကာလ အတွင်း ကိုဗစ် ၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေ၊ အောက်စီဂျင်နှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါကို မည်သို့ကာကွယ်ရမည်၊ ရောဂါသံသယ ဖြစ်လာပါက မည်သို့ဆောင်ရွက်ရမည်အကြောင်း၊ ရန်ကုန်မြို့တွင် လတ်တလော ကူးစက်မှုနှုန်း များနေသည့်အတွက် လူနာတွေအနေနဲ့ ဘယ်ကိုသွားရမည်ဆိုတဲ့ အချက်အလက်ကို သိချင်နေသည့် ကာလဖြစ်ကြောင်း၊ ဒါကြောင့် ဆရာဝန်ရဲ့ထောက်ခံချက်နဲ့ ကိုဗစ်-၁၉ရောဂါ Swab စစ်ဆေးတဲ့ မြို့နယ်တွေရှိနေပါကြောင်း၊ အဲဒီမြို့နယ်တွေကတော့ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ ကြည့်မြင်တိုင်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကမာရွတ်၊ လှိုင်၊ ဒဂုံ စသည့် ခြောက်နေရာရှိပါကြောင်း၊ ယခုအချိန်တွင် လမ်းမတော်မြို့နယ်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)တွင် နံနက်(၁၀)နာရီမှ နေ့လယ်(၁) နာရီအထိ ရောဂါနှင့်ပတ်သက်၍ အခမဲ့စစ်ဆေးပေးနေပါကြောင်း ရှင်းလင်း ပြောကြားသည်။
အောင်မြင့်