မေတ္တာ ဇူလိုင်၁၄
တနင်္သာရီဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက် ထုတ်ပြန်များချက်နှင့်အညီ ထားဝယ်(SEZ) မေတ္တာ-ထီးခီးနှစ်လမ်း သွားဖောက်လုပ်မည့် လမ်းပိုင်းအတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေးနစ်နာကြေးကိစ္စနှင့် ပတ်သက်၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ဇူလိုင်၁၄ရက် နံနက်၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ထားဝယ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်း ကလည်းကောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်စွာမင်းကလည်းကောင်း၊ ထားဝယ်ခရိုင် လမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးနေအောင်ထူးကလည်းကောင်း စီမံကိန်းနယ်မြေ အတွင်း ပါဝင်သည့် တောင်သူများ၏ မြေယာသီးနှံ အဆောက်အဦးများအတွက် လျော်ကြေး နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ မေတ္တာမြို့ အမှတ်(၁၊၂၊၃)ရပ်ကွက်များနှင့် ကလစ်ကြီးကျေးအုပ်စုရှိ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ချပြရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြိတ်-ထားဝယ် KNU ကရင်အမျိုးသားအစည်းအရုံး ခေါတခမြို့နယ်ဥက္ကဌ ပဒိုအေးမှ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းခြင်း များ၊ မေတ္တာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ဖြည့်စွက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက နိဂုံးချုပ်စကား ပြောကြားကာ ပထမပိုင်းအခမ်းအနားကို နံနက်၁၁နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို နံနက် ၁၁;၁၅နာရီအချိန်တွင် ဆက်လက်ကျင်းပရာမြေးခံဘော် ကျေးရွာ အုပ်စု၊ ကျောက်မဲတောင်ကျေးရွာ အုပ်စု ဒေသခံတောင်သူများနှင့် အဆိုပါခန်းမ၌ ဆက်လက်တွေ့ဆုံရာ အလားတူကိစ္စရပ်များကို ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ထားဝယ်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဦးဆောင်သော အဖွဲ့နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ညနေ၃နာရီအချိန်တွင် မေတ္တာမြို့ဆင်ဖြူတိုင်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ဆင်ဖြူတိုင်ကျေးရွာ အုပ်စုရှိဒေသခံပြည်သူများနှင့်ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်းနှင့် ထားဝယ်(SEZ) မေတ္တာ-ထီးခီး နှစ်လမ်းသွား ဖောက်လုပ်မည့်လမ်းပိုင်းအတွင်း ပါဝင်သွားသည့် တောင်သူများ၏ မြေယာ သီးနှံအဆောက်အဦးများအတွက် လျော်ကြေး နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကို သိရှိလိုပါက မေတ္တာမြို့ လမ်းဦးစီးဌာနရုံးတွင် သွားရောက်ကြည့်ရှုနိုင် ကြောင်းကို တာဝန်ရှိသူထံမှသိရသည်။