မြဝတီမြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသွားလာပါက သွားလာခွင့်ကတ်ပါရှိမှသာ သွားလာရမည်

မြဝတီ ဇူလိုင် ၁၄

မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ကြေညာခဲ့သည့်အတွက် မြဝတီခရိုင် Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြဝတီမြို့ သည် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သောမြို့ဖြစ်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ပိုမိုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးမှ သွားလာခွင့်ကတ်ကို ထုတ်ယူ၍ သွားလာရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားလာရာတွင်လည်း မဖြစ်မနေဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ ဆေးခန်း သွားရောက်ခြင်းအတွက် တစ်အိမ်လျှင် နှစ်ဦး သွားရောက်ရမည်ဖြစ်ပြီး ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားပြခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦး သွားရောက်ရန် သတ်မှတ်ထားရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ စည်းကမ်းသတ်မှတ်ချက်များအား မြို့နေပြည်သူများ လိုက်နာစေရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြဝတီခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများပူးပေါင်းပါဝင်သော ပူးပေါင်းအဖွဲ့မှ မြဝတီမြို့နယ်အတွင်းရှိ ဓိဌာန်အောင်လမ်းဆုံ၊ ကြံခင်းလမ်းဆုံ၊ ပြည်ခိုင်ဖြိုးရုံးလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ အစရှိသဖြင့် လမ်းဆုံ နေရာများတွင် အသိပညာပေး ပြောကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်