လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

လှိုင်းဘွဲ ဇူလိုင် ၁၄

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၆၄)ဦးရှိပြီး ယခုလက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူသူ(၁၃)ဦး၊ ထီလုံတိုက်နယ် ဆေးရုံတွင် (၂၂)ဦး၊ ဘားအံပြည်သူ့ဆေးရုံတွင် (၄)ဦး၊ ဆေးရုံဆင်းခွင့်ရှိသူ(၂၃)ဦးနှင့် သေဆုံး(၂)ဦး ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်း ထံ သို့ ယနေ့နံနက်ပိုင်းက သွားရောင်၍တွေ့ဆုံမေးမြန်းမှုကို ရေးသားလိုက်ပါသည်။

ဒေါက်တာစောငြိမ်းထွန်း(မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး)

မေး။ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံကြီးအနေဖြင့် ယခုလက်ရှိ ဆေးရုံမှာ ကျန်းမာရေးနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေကို သိချင်ပါတယ်။

ဖြေ။ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံကြီးအနေနဲ့ အရေးပေါ်လူနာတွေကို (၂၄)နာရီ လက်ခံကုသ ပေးလျက် ရှိပါတယ်၊ Covid-19 ရောဂါပိုးတွေ့လူနာတွေကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား တဲ့ Covid-19 ပိုးတွေ့လူနာ သီးသန့်နေရာမှာ ထားရှိပြီး ကျန်းမာရေးကုသမှုပေး၍ ရှိပါတယ်။

မေး။ Covid-19 ရောဂါ သံသယရှိပါက ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်နေပါသလဲ၊

ဖြေ။ Covid-19 ရောဂါ သံသယရှိလာပြီးဆိုရင် လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံ နီးစပ်ရာ ကျန်းမာရေး ဌာနမှူးတွေနဲ့ အမြန်ဆုံးဆက်သွယ်ပြီး လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

မေး။ Covid-19 ရောဂါ လက္ခဏာနဲ့ ရာသီတုပ်ကွေး ရောဂါလက္ခဏာ ဘယ်လိုခွဲခြားနိုင်ပါသလဲ၊

ဖြေ။ မျိုးရိုးပီဇပြောင်း Covid-19 ရောဂါပိုးရဲ့ လက္ခဏာတွေကတော့ အရင် Covid-19 ရောဂါလက္ခဏာ အပြင် မျက်စိနီခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်း၊လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခြေသည်းလက်သည်း အရောင်ပြောင်းခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

မေး။ Covid-19 ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

ဖြေ။ Covid-19 ရောဂါကူးစက်မခံရအောင် ကာကွယ်ရမည့် နည်းလမ်းတွေက Mask ကို စနစ်တကျ သေချာစွာ တပ်ဆင်ပါ၊ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့ ၊ လူစုလူဝေးရှိတဲ့ နေရာတွေ မသွားပါနဲ့၊ လူတစ်နဲ့တစ်ဦး Social Distaning နှင့်အညီ လိုက်နာပြီး ၆ ပေအကွာ ကနေ ပြုမှုပြောဆိုဆက်ဆံသွားလာ နေထိုင်သင့်ပါတယ်၊ လက်ကိုဆပ်ပြာနှင့်စက္ကန့် ၂၀ ကြာအောင် သေချာစွာ စနစ်တကျ ဆေးကြောသင့်ပါတယ်၊ လူတစ်ဦးချင်းစီ စည်းကမ်းလိုက်နာမှ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်၊

မေး။ လှိုင်းဘွဲမြို့နယ်မှာ Quarantine Centre နဲ့ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသလဲ။

ဖြေ။ လှိုင်းဘွဲမြို့နယ်မှာ Covid-19 ရောဂါပိုးတွေ့ လူနာတွေနဲ့ ထိတွေ့တဲ့သူတွေကို ကမော့ကချူး မှာရှိတဲ့ ဆိုင်ကလုန်စင်တာ မှာ Quarantine ထားနိုင်အောင် ပြင်ဆင်ဆောင်ရွက် ထားပါတယ်။

မေး။ Covid-19 ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အခြေအနေ ဘယ်လိုရှိပါသလဲ

ဖြေ။ Covid-19 ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးတဲ့ အသက် ၄၀ နှင့်အထက် ပြည်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဆေးထိုးဖို့ကျန်ရှိနေတဲ့ ဝန်ထမ်းတွေကို စာရင်းကောက်ယူ တင်ပြပြီး ကာကွယ်ဆေး ပြန်လည်ရရှိလာပါက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါတယ်။

မေး။ လှိုင်းဘွဲမြို့နယ်တွင် Covid-19 Postive လူနာများအတွက် အောက်ဆီဂျင်ကို မည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ၊

ဖြေ။ Covid-19 Postive လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရှိအောင် မြို့မိ/မြို့ဖတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ အလှူရှင်တွေနဲ့ ဆက်သွယ် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအနေနဲ့ ရောဂါပိုးကူးစက်နိုင်ပါသလား၊

ဖြေ။ Covid-19 ကာကွယ်ဆေး ထိုးနှံပြီးသူတွေက ရောဂါပြန်လည်ကူးစက်နေပါသေးတယ်၊ လူဦးရေ ၁၀၀၀ မှာဆိုရင် ၅ ယောက်လောက် ကူးစက်နိုင်ပါသေးတယ်၊ ဒါပေမယ့် ကာကွယ်ဆေး လုံးဝမထိုးရသေးတဲ့ လူတွေထက် Covid-19 ရောဂါဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ ထိုးပြီးသူက အသက်သေဆုံး မှု/ဖြစ်ပွားနှုန်းကိုလဲ လျှော့ချနိုင်မှာ ဖြစ်ပါတယ်၊

မေး။ ဆရာအနေနဲ့ ထပ်မံဖြည့်စွက်ပြီး ပြောလိုတာရှိရင် ထပ်မံဖြည့်စွက်ပြောကြားပေးပါလား၊

ဖြေ။ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြပါနဲ့၊ မဖြစ်မနေ ထွက်ရမယ်ဆိုလဲ Mask တပ်ကြပါ၊ လူစုလူဝေးရှောင်ရှားကြပါ၊ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ ပြုမှုဆက်ဆံနေထိုင် သွားလာ ကြပါ၊ တစ်ဦးချင်း စည်းကမ်းလိုက်နာကြပါမှ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အားလုံး Covid-19 ရောဂါ ကပ်ဆိုးကြီးမှ အမြန်ဆုံးကင်းဝေးကြပါစေ။

မြို့နယ်(ပြန်/ဆက်)