ပုဗ္ဗသီရိမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်သန်း၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သန်း လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိန်ကြည်နှင့် ဝန်ထမ်းများ၊ ဆရာမများတက်ရောက်ကာ ကျောင်းဝန်းအတွင်း ပိတောက်ပင် (၁၀၀)ပင်၊ စိန်ပန်းပင် (၆၀)ပင်၊ ခရေပင် (၁၀)ပင်၊ မဟော်ဂနီပင် (၆၀)ပင်၊ အော်ရေးရှားပင် (၆၀)ပင်၊ ယူကလစ် (၅၀)ပင်၊ မယ်ဇလီပင် (၆၀)ပင် စုစုပေါင်း အပင် (၄၀၀)အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ သဘာဝတောများ ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌထံမှ သိရသည်။

မျိုးသီဟ