မန်ကန် ဇူလိုင် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေး ရေးဂိတ်ကို ပန်ဆန်း(ပန်ခမ်း)-မန်ကန်-တန့်ယန်းလမ်း မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ဖွင့်လှစ်ထား ကြောင်း သိရသည်။
ထိုသို့ မြို့နယ်တွင်း ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ရာတွင် မြို့နယ် Coronavirus Disease 2019(COVID-19)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နေ့စဉ်တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းမေးမြန်းရယူခြင်း၊ကာကွယ်ဆေးထိုးနှံပြီးလက်မှတ် ပါ/မပါ စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးခြင်း၊နှာခေါင်းစည်း(Mask) ဝေငှပေးခြင်း၊ နယ်မြေကျော်လွန်သွားခဲ့သော ပြည်သူနှင့် ဝန်ထမ်းများကိုလည်း Home Quarantine ထားရှိခြင်းနှင့် သံသယရှိလူနာများရှိလာပါကလည်း တိုက်နယ်ဆေးရုံတွင် Quarantin Center အဖြစ်ထားရှိသွားခြင်းများတို့ကို ဆောင်ရွက်ပြီး စစ်ဆေးချက်ခံယူခြင်း မရှိပါက မြို့တွင်းသို့ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံက သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ် ကိုနေ့စဉ်မနက် (၆:၀၀)နာရီမှ ညနေ(၆:၀၀)နာရီထိ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထက်