ပင်းတယ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုများကို ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချိုနှင့် ဝန်ထမ်းများက သရက်ကုန်းကျေးရွာနေပြည်သူများကိုနိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း စုစုပေါင်း(၁၁၉)ဦး အိမ်ထောင်စုလူဦးရေမွေးတိုးစာရင်း ဆောင်ရွက်ခြင်း (၁၃၈)စု အိမ်ထောင်စုလူဦးရေစာရင်းတွင် သေဆုံးပယ်ဖျက်ခြင်း(၂)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် အဆိုပါပန်းခင်းစီမံချက်ဖြင့် ၃.၅.၂၀၂၁ မှ ၁၄.၇.၂၀၂၁ နေ့ထိ ပွေးလှကျေးရွာ၊ ပန်းစစ်ကျေးရွာ၊ သစ်အယ်ပင်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ကျားကုန်းကျေးရွာ၊ မြေခြားချိုင့်ကျေးရွာ၊ နန်းကုန်းကျေးရွာ၊ မြေခြားမြောက်ကျေးရွာနှင့်မြင်းမူးကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ခြင်း ကျား/မ စုစုပေါင်း (၇၁၉)ကတ် နှင့် အိမ်ထောင်စု လူဦးရေစာရင်း စုစုပေါင်း(၅၀၄)စု ပြုလုပ်ပေးခဲ့ကြောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သိရသည်။
မိုးမိုးထွေး