မင်္ဂလာဒုံ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့သို့ စေတနာရှင်ပြည်သူတစ်ဦးက အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးရှေ့တွင် ပြုလုပ်ခဲ့ပြီး ငွေကျပ်(၁၀)သိန်းအား အလှူရှင်မှ လှူဒါန်းပေးအပ်ရာ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်း မြို့နယ်တပ်ဖွဲ့မှူး ဦးအေးသွင်က လက်ခံရယူခဲ့သည်။
‘‘လှူဒါန်းရရှိငွေများအား ကိုဗစ်-၁၉ရောဂါကြောင့် အသက်ရှုကြပ်ဝေဒနာ ခံစားနေရသူများကို ကူညီနိုင်ရန် အောက်ဆီဂျင်40L အိုးကြီးများဝယ်ယူပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါခံစားနေရသူများနှင့် အောက်ဆီဂျင်လိုအပ်သူများကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် အောက်ဆီဂျင် သိသာစွာ ကျဆင်းတတ်သည်ကို တွေ့နေရပါတယ် ဒါကြောင့် ကျွန်တော်တို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်မော်တော်ယာဉ်များပေါ်တွင်လည်း အောက်ဆီဂျင်အိုးများ အပိုထားရှိနိုင်ရန် အထူးလိုအပ်နေပါတယ် ဒါမှကျွန်တော်တို့ကလည်း အချိန်နှင့်တပြေညီကူညီနိုင်မှာ ဖြစ်ပါတယ်၊ အခုလိုအချိန်မှာ လှူဒါန်းပေးတဲ့ အလှူရှင်ကိုလဲ များစွာကျေးဇူးတင်ပါတယ်” ဟု မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးအေးသွင်က ပြောသည်။
မျိုးသန့်