ကလိန်အောင် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်အဝင်၌ လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့်ဘေစင်များ စနစ်တကျ ထားရှိရေး၊ ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ Mask တပ်ဆင်စေပြီးမှ ဝင်ရောက်ခွင့်ပြုရေး၊ ဆိုင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရောင်းချရေးတို့ကို သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ကလိန်အောင်မြို့ စည်ပင်သာရေးအဖွဲ့ မြို့တာဝန်ခံဦးဝင်းရွှေဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မီးသတ်ဦးစီးဌာနမှူး ဦးထွန်းထွန်းအောင်၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။