ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၅ နာရီခွဲခန့်က ဒီရေတက်ချိန် ရေတိုက်စားမှုကြောင့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်ရေယာဉ် သမ္ဗန်ဆိပ်အနီး အလျား ပေ ၁၂၀ နှင့်အနံ ၃၀ပေခန့်ရှိ ကမ်းထိန်းနံရံ မြေပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ဖြစ်ပွားရာနေရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမြန်ဆုံးပြန်လည် ပြုပြင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ်းထိန်းနံရံပြိုကျမှုကြောင့် နေအိမ်နှင့်လူများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် အဆိုပါ ဖြစ်ပွားရာနေရာ အနီးတဝိုက်သို့ ပြည်သူများဖြတ်သန်းသွားလာခြင်းမရှိစေရေး တာဝန်ရှိသူများမှ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း ကနဦးသိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)