ဖယ်ခုံမြို့၌ Covid-19 (Positive) လူနာ ၂၃ ဦးရှိပြီး ၇ ဦးဆေးရုံဆင်းခွင့်ရ

ဖယ်ခုံ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ခန်းမ၌ ယမန်နေ့နံနက်က Covid-19(Positive) လူနာ ခုနှစ်ဦး နှင့် ဆက်စပ်ထိတွေ့သူ ၂၃ ဦး၊ အခြားပြင်ပမှ Covid-19 ရောဂါပိုး ရှိ/မရှိ လာရောက်စစ်ဆေးသူ ငါးဦး တို့အား (RDT) Test ဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Covid-19 (Positive) လူနာ ခုနှစ်ဦးနှင့် ဆက်စပ်ထိတွေ့သူ ၂၃ ဦးအား ဒုတိယ အကြိမ်စစ်ဆေးရာ Covid-19 (Negative) ရောပိုးမရှိအဖြေထွက်ပြီး ပြင်ပမှ Covid-19 ရောဂါပိုး ရှိ/မရှိ လာရောက်စစ်ဆေးသူ ငါးဦး အား စစ်ဆေးရာတွင် Covid-19 (Positive) ရောဂါပိုးရှိသူ သုံးဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Covid-19 (Positive) လူနာသုံးဦးမှာ မြို့ကုန်းရပ်ကွက်မှ တစ်ဦး၊ ညောင်ကုန်းရပ်ကွက် အမှတ်(၄)မှ နှစ်ဦးဖြစ်ကြောင်း၊ ယနေ့အထိ စုစုပေါင်း Covid-19 (Positive) လူနာ ၂၃ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခုနှစ်ဦး ဆေးရုံဆင်းခွင့်ရခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

(Positive) လူနာများနှင့် ဆက်စပ်ထိတွေ့သူများနှင့် ၎င်းပုဂ္ဂိုလ်များနေထိုင်သည့် နေအိမ်များအား ပရဟိတအဖွဲ့တို့မှ ဆေးဖျန်းခြင်းများဆောင်ရွက်ပြီး အသွားအလာကန့်သတ်ထားရှိကြောင်း သိရှိရသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသအတွင်း Covid-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းစသည့်ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ကြစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)