မိုင်းပန် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်တွင်နေထိုင်သူ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့၏ တစ်အိမ်တည်းအတူနေ မိသားစုဝင် (၈) ဦးတို့အား ဆက်လက်စစ်ဆေးရာ (၆) ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင်ထားရှိကုသခဲ့ပြီး (၁ဝ) ရက်ပြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ (၈) ဦးအပြင် RDT Test Kit ဖြင့် (၂) ကြိမ်တိုင်တိုင်စစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိရခြင်းမရှိသူ ၎င်းတို့၏ မိသားစုဝင် (၂) ဦးနှင့် ထိတွေ့ခဲ့မိသူ (၁) ဦး စုစုပေါင်း (၃) ဦးအား ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် နေအိမ်တွင် Home Quarantine (၇) ရက် ထပ်မံနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံအတွင်းတွင် Isolation Ward တွင် ကုသမှုခံယူနေသူ ပိုးတွေ့လူနာ (၂) ဦးနှင့် Community Based Facility Quarantine နေရာတွင် ထားရှိသူ (၁၁) ဦး ကျန်ရှိကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)