ရန်ကုန် သြဂုတ် ၁၂
တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဖောင်ဒေးရှင်း (မြန်မာနိုင်ငံဆိုင်ရာရုံး) နှင့် We Love Yangon တို့ ပူးပေါင်း၍ အပြုံးပန်းဝေဆာ ကလေးတို့ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း စားသောက်ရေး အခက်အခဲရှိသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စားနပ် ရိက္ခာဝေငှ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ဒလမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများဖြစ်သည့် အ.မ.က(၇)၊ အ.မ.က(၁၆)၊ အ.မ.က(၁၇)၊ အ.မ.က(စံပြ) နှင့် အ.မ.က(၈) မူလွန်ကျောင်း စသည့် စာသင်ကျောင်း (၅)ကျောင်းတို့ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးတို့အား တစ်ဦးလျှင် ဆန် ၁၂ ပြည်၊ နေကြာဆီ ၅၀ သား၊ ကုလားပဲ ၁ ပိဿာ၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်၊ စုစုပေါင်းငွေကျပ် ၂၀၀၀၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အဖွဲ့အစည်းအနေဖြင့် We Love Yangon နှင့် ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများ၌ ဆင်းရဲ နွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများ အတွက် အပြုံးပန်းဝေဆာ ကလေးတို့ အစီအစဉ်ဖြင့် အခြေခံစားသောက် ကုန် Package ပေါင်း ၁၄၀၀ ကျော်ကို ပေးဝေလှူဒါန်းခဲ့ကြောင်း CFPA Myanmar Office အဖွဲ့အစည်းမှ စီမံချက်တာဝန်ခံ ကိုနေဝင်းထွန်းက ပြောကြား ခဲ့သည်။
နိုင်လင်းကျော်(ဒလ)