ဘုရားသုံးဆူ ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံအနေဖြင့် လက်ရှိဖြစ်ပွား နေသော ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ဆေးရုံတွင် လက်ရှိ ကုသပေးနေသော ရောဂါလက္ခဏာများနှင့် ပတ်သက်၍ အကြောင်းအရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ ပြည်သူ့ဆေးရုံ၏ တာဝန်ခံ ဒေါက်တာ မင်းစအိုင်မွန်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ရှေးဦးစွာ ပြည်သူ့ဆေးရုံအနေဖြင့် ယခုလက်ရှိ ဆေးရုံလည်ပတ်နေမှု အခြေအနေအား မေးမြန်းရာမှာ ဆေးလာရောက် ကုသသော အရေးပေါ်လူနာများအတွက် အဓိကထား ကုသဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လူနာများအတွက် မိမိတို့ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသော အခန်းများတွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
ဘုရားသုံးဆူ ပြည်သူ့ဆေးရုံအနေဖြင့် ကိုဗစ်အတည်ပြုလူနာ (၁၂) ဦး ရှိပြီး၊ (၁)ဦးမှာ ရောဂါကင်းစင်၍ နေရပ်ပြန်ပြီး (၁)ဦးမှာ ဆုံးပါးသွားကြောင်း သိရှိရသည်။ အဆိုပါလူနာများနှင့် ထိတွေ့ထားသော ၎င်းတို့၏မိသားစုအပေါင်းအပါများအား Home Quarantine နေထိုင်စေပြီး ရပ်ကျေးအဖွဲ့များနှင့် ပူပေါင်းကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။
ဆက်လက်၍ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးရဲ့ လက္ခဏာတွေက မည်သို့ရှိသနည်း၊ ကာကွယ် ဆေးထိုးပြီးသူတွေအနေဖြင့် ရောဂါကူးစက်ခံရနိုင်ပါသလား၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိပါက မည်သို့ ဆောင်ရွက်သင့်သလဲ အစရှိသည်တို့ကို ဆက်လက်မေးမြန်းရာ ဒေါက်တာမှ မျိုးရိုး ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ က အရင်ကိုဗစ်ရောဂါပိုးတွင် ဖြစ်ပေါ်တတ်သော လက္ခဏာတွေအပြင် ဝမ်းလျှောဝမ်းပျက်ခြင်း၊ ခြေလက်များ အရောင်ပြောင်းခြင်းနှင့် မျက်စိနီခြင်းတို့ ဖြစ်တတ်ပြီး ကာကွယ်ဆေးထိုးပြီးသူများလည်း ရောဂါကူးစက်နိုင်ပြီး မိမိကိုယ်မိမိ ရောဂါသံသယ ရှိလာပါကလည်း မိမိပတ်ဝန်းကျင်ရှိ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို ဆက်သွယ်၍ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူဟိန်း