တောင်ကြီး ဇူလိုင် ၁၃
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းမှာ COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစတင်၍ ရောဂါကူးစက်ပြန့်နှံ့မှု များပြားလာပြီး ယနေ့အထိ ရောဂါပိုးကူးစက်သူ (၅၉၈၉)ဦး ကူးစက်ပြန့်နှံ့ခဲ့ပြီး ရောဂါပိုး ပြန်လည်ကင်းစင်လာသူ (၁၈၆၁)ဦး၊ သေဆုံးသူ (၁၀၁)ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄၀၂၇)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး ရှမ်းပြည်နယ်အတွင်း ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အလားတူ လောက်ကိုင်မြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် COVID-19 ရောဂါအတည်ပြုလူနာ တွေ့ရှိခဲ့ရာမှ စတင်ပြီး လောက်ကိုင်မြို့တွင် ရောဂါကူးစက်ပြန့်နှံ့ခဲ့ရာမှ ယနေ့အချိန်ထိ လောက်ကိုင်မြို့တွင် ပိုးတွေ့ရှိသူ (၁၇၀၇)ဦး၊ ကူးစက်ပြန့်နှံ့ခဲ့ပြီး လားရှိုးမြို့နယ်၊ နောင်ချိုနယ်၊ လောက်ကိုင်မြို့နယ်၊ သီပေါမြို့နယ်၊ မူဆယ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်ရှိ ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါကြောင်း၊ COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားနေသည့် ကာလတွင် ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုအား ဟန့်တားထိန်းချုပ်နိုင်ရန် ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအား တိုင်းဒေသကြီး/ ပြည်နယ်များ၏ နယ်နိမိတ် စပ်ကြားနေရာများတွင် ကလောမြို့နယ်၊ ရေယားစစ်ဆေးရေးဂိတ်အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယုန်တောင်စစ်ဆေးရေး ဂိတ်အား ဇွန်လ ၁၅ ရက်နေ့တွင်လည်းကောင်း၊ နောင်ချိုမြို့နယ်အဝင် စစ်ဆေးရေးဂိတ်အား ဇွန်လ ၁၀ ရက်နေ့တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါစစ်ဆေး၍ ပိုးတွေ့ရှိပါက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီး ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားလက်မှတ် မပါရှိပါက Quarantine Center များသို့ ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ရှမ်းပြည်နယ်အတွင်းရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည့် နယ်စပ် အဝင်/ ထွက်ဂိတ်များအား ယာယီပိတ်သိမ်းထားရှိပြီး ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်ကာလတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ Community Based Facility Quarantine Center စုစုပေါင်း (၁၆၁)ခု ဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၊ အထောက်အကူပြုအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စုစုပေါင်းအင်အား (၁၅၈၁)ဦး၊ ပရဟိတအသင်းအဖွဲ့ (၁၆၉)ဖွဲ့မှ အင်အား (၁၈၄၆)ဦး၊ စုစုပေါင်း အင်အား (၃၄၂၇)ဦး တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်းနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အကြံဉာဏ်များ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)