မိုးကုတ်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေး​ကောက်ပွဲ အောင်​မြင်စွာကျင်းပနိုင်​ရန် အထူးရဲတပ်ဖွဲ့ ၀င်များရွေးချယ်

မိုးကုတ် ဩဂုတ် ၁၂

၂၀၂၀ ပြည့်နှစ် နို၀င်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ရမည့် အထူးရဲများခန့်အပ်နိုင်ရန် စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုးကုတ်မြို့ မြို့မစခန်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါရွေးချယ်ရေးကို မိုးကုတ်မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးငြိမ်းချမ်း ဦးဆောင်သည့် မြို့မစခန်းမှူး ဒုရဲမှူး သိန်း၀င်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းမင်းနိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးနန္ဒထွန်းနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းတို့ပါ၀င်သည့် မြို့နယ်ရွေးချယ်ရေး အဖွဲ့ဝင်များက လာရောက် လျှောက်ထားသူများနှင့် တွေ့ဆုံ၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းချပြကာ လိုအပ် သည်များ မေးမြန်းစစ်ဆေးခြင်းနှင့် ကျန်းမာရေးအခြေအနေအား ကြည့်ရှု့စစ်ဆေးကာ လျှောက်လွှာလက်ခံခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လျှောက်ထားသူများမှ ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်တာဝန်ပေးအပ်ခံရသူများအနေဖြင့် မိမိမြို့နယ်တွင် လေ့ကျင့်သင်တန်းပေးခြင်းကိုခံယူ၍ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလတွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေး ကိစ္စအဝဝ ကို တာ၀န်ယူဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထွန်း(ပြန်/ဆက်)