လှည်းကူး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ ချပြညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေက ဆေးရုံကြီးမှ ကိုဗစ်-၁၉ လူနာများကို ယာယီဖွင့်လှစ်ထားရှိမည့် Positive Centre သို့ ပြောင်းရွေ့မည့်အစီအစဉ်များ၊ ဆရာဝန်၊ သူနာပြုနှင့် Volunteer ထားရှိပြီး ပူးပေါင်းဆောင်ရွက်ရမည့် အစီအစဉ်နှင့် လတ်တလော အောက်စီဂျင်လိုအပ်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်ဇင်လတ်က ပရဟိတအဖွဲ့များ အနေဖြင့် အောက်စီဂျင်ရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများပေးနိုင်ရေး ဆွေးနွေးပြီး တက်ရောက်လာသည့် ပရဟိတအဖွဲ့များက မြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများ၌ လိုအပ်သည့်နေရာများတွင် ကူညီလုပ်ဆောင်သွားမည့် အစီအစဉ်များကို အသီးသီးဆွေးနွေးကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီအဖွဲ့များ၊ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများမှ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် အောက်ဆီဂျင် ဖြည့်တင်းခြင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ပိုးတွေ့လူနာသယ်ယူပို့ဆောင်ရေး၊ Positive Centre ၌ လုံခြုံရေး ထားရှိရေးနှင့် Volunteer များမှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။