မြစ်ကြီးနား ဇူလိုင် ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအပြင် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ပညာရေးကောလိပ်(၄)ထပ် စာသင်ဆောင်သစ်တွင် ပိုးတွေ့လူနာ များအား သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင်ရေး ယမန်နေ့မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား ပညာရေးကောလိပ် (၄)ထပ်ဆောင်သစ်တွင် ပိုးတွေ့လူနာများအား သီးခြားစောင့်ကြည့် ထိန်းချုပ်နိုင်ရေးအတွက် အဆောက်အဦအတွင်း အခန်းများ ဖွဲ့စည်းမှု အခြေအနေနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှု ရှိ/မရှိနှင့် အခန်းများအလိုက် လူနာများထားရှိသွားနိုင်မည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အဆောက်အဦအတွင်း ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လူနာများအတွက် အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကာ ကုသရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ သူနာပြုများအတွက် ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကချင်ပြည်နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ ဇူလိုင် ၁၁ ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း (၂၁၅၆)ဦး၊ သေဆုံးသူ (၁၅)ဦးထိရှိကြောင်း သိရှိရပြီး မြစ်ကြီးနားမြို့နယ်အနေဖြင့် ဇူလိုင် (၁၁) ရက်နေ့အထိ ပိုးတွေ့ လူနာစုစုပေါင်း (၂၆၇)ဦး၊ သေဆုံးသူ (၁၀)ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)