ကမမောင်းမြို့အဝင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်

ကမမောင်း ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဝါးဘိုးတော - ကမမောင်း - ဖာပွန်ကားလမ်းပေါ်ရှိ ကမမောင်းမြို့အဝင်အထွက်တွင် ကျန်းမာရေး အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားလာသူများနှင့် ဆိုင်ကယ်များ၊ ကားများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့်အညီ သွားလာစေရေး၊ လူဝင်လူထွက်စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်မောင်းများအား ခရီးသွားလာရာ၌ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ၊ ကျန်းမာရေး ဌာန၏ ကိုဗစ် - ၁၉ရောဂါကင်းရှင်းကြောင်း ထောက်ခံစာများကို စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ခရီးသွားပြည်သူများအနေဖြင့် Mask များ စနစ်တကျတပ်ဆင်ပြီး သွားလာစေရေး၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့်ဆေးကြောစေရန် စသည့်ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ကမမောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကမမောင်းမြို့ ကြက်ခြေနီအဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အလှည့်ကျ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီး နေ့စဉ် နံနက် (၇) နာရီမှ ညနေ (၅) နာရီအထိ မြို့ဝင်၊မြို့ထွက် ခရီးသွားပြည်သူများကို စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လင်းသန့်