ဥတ္တရသီရိ ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးမှူး၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်း က တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ ဥတ္တရသီရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းအိဖြိုးက အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်သောက်သုံးရေရရှိရေး လုပ်ငန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာစီမံကိန်းဝင် ကျေးရွာများတွင် ဆောင်ရွက်ရန်လျာထားကြောင်းနှင့် ယခုသင်တန်းတွင် အဆိုပါကျေးရွာများ၌ စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များ ပါဝင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို တောင်ညို၊ ကြီးပွား၊ မင်းနောင်၊ ပြည်တော်လင်းနှင့် သက်မွေးစု ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၆)ဦးကို သင်တန်းနည်းပြ (၂)ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာ (၁၃)ရွာတွင်လည်း ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။