ဆီဆိုင် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးအနက် အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၆ ရက်နေ့တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့တွင် ဖျားနာချောင်းဆိုးရောဂါ မသက်သာဖြစ်သဖြင့် မြို့နယ်ဆေးရုံသို့ သွားရောက် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ရာမှ Covid-19 Positive လူနာဖြစ်ကြောင်း သိရှိရသဖြင့် ဆေးရုံသီးသန့် လူနာဆောင်တွင် ထားရှိစောင့်ကြည့်လျက်ရှိသည်။
အဆိုပါပိုးတွေ့အတည်ပြုလူနာနှင့် အတူနေ မိသားစုဝင်(၆)ဦးအား Rapid Test Kit (RDT)ဖြင့် ထပ်မံစစ်ဆေးခဲ့ရာ (၄)ဦးမှာ Negative အဖြေထွက်ရှိ၍ ဖခင်တော်စပ်သူနှင့် တစ်ဝမ်းကွဲမောင်တော်စပ်သူတစ်ဦးတို့တွင် Covid-19 Positive အဖြေထွက်ရှိခဲ့သဖြင့် မြို့နယ်ဆေးရုံတွင် သီးသန့်ထားရှိစောင့်ကြည့်လျက်ရှိသည်။
ပိုးတွေ့အတည်ပြုလူနာ(၃)ဦးနေထိုင်ခဲ့သည့် ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ နေအိမ်တွင် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ အတူနေမိသားစုဝင်များအား Home Quarantine အဖြစ် အသွားအလာကန့်သတ်ထားရှိပြီး အဆိုပါနေအိမ်အား မြို့နယ် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအစီအစဉ်ဖြင့် Simi-lock Down ချမှတ်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)