ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး

ပင်းတယ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီ က အဆိုပါကျေးရွာမြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ အိမ်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးအောင်လွင်မိုး က မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ၊ အခြား မိသားစုဝင်ငွေတိုးစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှုးနှင့် ဝန်ထမ်းများက အဆိုပါကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်စီမံကိန်း ပဥ္စမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ် လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသား၊ အသင်းသူ (၄၈)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၇ ဒသမ ၁၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုးမိုးထွေး