မိုင်းတုံမြို့၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ

မိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် "ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ဟွေအောကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် က အမှာစကားပြောကြားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်စိုး က ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ် ဦးစီးမှူး ဦးအောင်စိုးနှင့် မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးလှအေးတို့က ဝမ်ဟုန်၊ မိုင်းယွန်း၊ မိုင်းထလန်း၊ ဟိုပန်၊ ဟွေအော၊ မုံးကျွတ်နှင့် ခိုင်းလုံကျေးရွာများအတွက် အိမ်ထောင်စုစာရင်း (၂၁၄၀)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၅၇၈)ကတ်တို့ကို ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား ဦးညီကပ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ကို မိုင်းဆတ်မြို့နယ်တွင် နယ်မြေ(၃)ခုနှင့် မိုင်းတုံမြို့နယ်တွင် နယ်မြေ(၄)ခုခွဲ၍ ဝန်ထမ်းအင်အား(၄၅)ဦးဖြင့် ဧပြီလ ၂၃ ရက်မှ ဇူလိုင်လ ၁၂ ရက်ထိ (၈၁)ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်း (၄၇၁၂)စု၊ လူဦးရေ (၂၀၇၂၉)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၄၉၀)ကတ်ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းဇော်