တီကျစ်တိုက်နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ ကင်းစင်သူ ၇ ဦး ဆေးရုံမှ ဆင်းခွင့်ပြု

နောင်တရား ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၀)ဦးမှ ကျန်းမာရေးကောင်းမွန်လာသူ (၇) ဦးကို ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း တီကျစ်တိုက်နယ်ဆရာဝန် ဒေါက်တာနန်းနှင်းသဲထွန်းမှ သိရသည်။

တီကျစ်တိုက်နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ (၄၀)ဦးရှိပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ထိတွေ့သူများကို စစ်ဆေးရာ တီကျစ်တောင်ပိုင်းတွင် (၃)ဦး၊ အလယ်ပိုင်းတွင်(၁)ဦး စုစုပေါင်း (၄)ဦး ထပ်မံတွေ့ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများကို တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လာသည့် လူနာ ၇ ဦးကို ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ ယနေ့အထိ တီကျစ်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း(၄၄)ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြုသူ စုစုပေါင်း(၁၅) ဦး၊ ဆေးကုသမှုခံယူနေသူ စုစုပေါင်း (၂၉)ဦးရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)