မိုင်းလုံ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနက ယမန်နေ့ နံနက်ပိုင်း အချိန်တွင် လွယ်အံ(လုံ)အုပ်စု လွယ်အံကျေးရွာသို့ သွားရောက်၍ ဆေးတိုက်ကျွေးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးရာတွင် လွယ်အံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်တွင် ကလေးများအား တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမြဟန်က ဆေးများတိုက်ခြင်း၊ ကလေး များ၏ ကိုယ်အလေးချိန်များကိုချိန်ပေးခြင်း၊ ဖျားနာသူများကို ဆေးထိုး ဆေးပေးခြင်းစသည့် ကျန်းမာရေးလုပ်ငန်း များကိုလုပ်ဆောင်ပေးပြီး ယခုလို ပုံမှန်ဆေးသောက်ခြင်းဖြင့် ကလေးငယ်များ အာဟာရ ချို့တဲ့မှုကို ကာကွယ် ပေးခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက် ကာ သွက်လက်ထက်မြက်စွာ လှုပ်ရှားသွားလာ နိုင်ရေး စသည့် အကျိုး ကျေးဇူးများရရှိခြင်းကို ဆေး လာရောက် တိုက်ကျွေးသော မိဘများအား ရှင်းလင်းပြောကြားပြီး ကျန်ရှိသော ကျေးရွာများတွင်လည်း ဆက်လက် တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)