မန့်ဟီးရိုး ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအတွင်း ကိုဗစ်-၁၉ ရောဂါပြန့် ပွားမှုမရှိစေရေးအတွက် ဒေသခံပြည်သူများအား တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာခွင့်ပြုခြင်းများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း အဝင်/အထွက်သွားလာမှုများကို ကြတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုးမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားစေနိုင်သဖြင့် ကြိုတင်ကာကွယ်တားဆီးရေးအနေဖြင့် ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို တစ်အိမ်ထောင်လျှင် တစ်ဦးသာ ဈေးဝယ်ထွက်ရန်၊ နေအိမ်ပြင်ပထွက်ခွါပါ နှာခေါင်းစည်း mask တပ်ဆင်ကြရန်၊ ကျေးရွာပြင်ပသို့ ဝင်/ထွက်ခြင်းများကိုလည်း ကန့်သတ်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းခြင်း၊ ကူးစက်ရောဂါမှကာကွယ်ရန် ရှောင်ရန်၊ ဆောင်ရန်များကိုလည်း နေ့စဉ်နေ့တိုင်း မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
မန့်ဟီးရိုးမြို့၊ နောင်မွန်းကျေးရွာအုပ်စုအတွင်းနေထိုင်သည့် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် နှာခေါင်းစည်း (mask) (၁)ထုတ်၊ လက်သန့်ဆေးရည်(၂)ဘူးနှင့် ပိုးသတ်ဆေးဘူး (၁)ဘူးစီအား အခမဲ့လိုက်လံဝေငှပေးလျက်ရှိပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ အားလုံးကို ပိုးသတ်ဆေးရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထံမှသိရသည်။
စန္ဒာ