ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများ လျော့ နည်းကျဆင်းစေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် အသိပညာပေးမှုများကို ဆောင်ရွက်လျက်ရှိနေသော်လည်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လက်ရှိ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသည့် ကျေးရွာများကိုသာ အဓိကထားကာ ကွင်းဆင်းအသိပညာပေးမှုများကို ဆောင်ရွက်နေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“အခုကိုဗစ်-၁၉ ရောဂါနဲ့ကြတော့ ကျေးရွာတွေ အကုန်လုံးကို ကွင်းဆင်း အသိပညာပေးဖို့ဆိုတာက အဆင်မပြေဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများနေတဲ့ ကျေးရွာ သုံးရွာကို အဓိကထားပြီးတော့ အသိညာပေးမှုနဲ့ ကြိုတင်ကာကွယ်ရေးတွေကို ဆောင်ရွက် နေပါတယ်၊ ကွင်းဆင်းအသိပညာပေးနဲ့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်တာဆိုရင် ဇူလိုင်လ(၆) ရက်နေ့ကစပြီးတော့ ဆောင်ရွက်နေပါ တယ်” ဟု ဌက်ဖျားရောဂါ ကြီးကြပ် ဦးရဲနိုင်က ပြောသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျား ရောဂါကြီးကြပ် ဦးရဲနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကလိန်ကျေးရွာ၊ ဒေါင့်ကြီး ကျေးရွာနှင့် ရေစိုမငေးစုကျေးရွာများရှိ ကျေးရွာနေပြည်သူများ၏ နေအိမ်များတွင် ခြင်ခိုအောင်းနိုင်သည့် ရေအိုးရေစည်များ၊ ရေလှောင် ကန်များ နှင့် ပန်းအိုးများတွင် ပိုးလောက်လမ်းများရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေး ခတ်ခြင်းနှင့် ခြင်ခိုအောင်းနိုင် သည့် နေရာများအား ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး ကျေးရွာနေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဇင်မင်းထိုက်(ထန်းတပင်)