ဘုတ်ပြင်း ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ က မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ညွန်ကြားချက်များအား အသိပေးဖြန့်ဝေ ခဲ့ပြီးဖြစ်သည်။ အဆိုပါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုနှုန်း မြင့်မားလာသည့် အတွက် ညွန်ကြားချက်များကို လိုက်နာမှု အားနည်းနေသူများရှိနေခြင်းကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့များက ပါဆယ်စနစ်ဖြင့် ရောင်ချရန် ညွှန်ကြားချက်များအား လိုက်နာမှုရှိ/ မရှိ လိုက်လံစစ်ဆေးရခြင်း ဖြစ်ကြောင်း သိရသည်။