ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ ၅၁ ဦး တွေ့ရှိ

ကျောက်မဲ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြု လူနာ ၅၁ ဦးရှိကြောင်း သိရသည်။

ကျောက်မဲမြု့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ ဆက်စပ်သူ ၁၀၅ ဦး၏ တို့ဖတ် နမူနာများကို ရယူ၍ လားရှိုးဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးရာမှ ၎င်းတို့အထဲမှ ကိုဗစ်ပိုးတွေ့သူ ၅၀ ဦး၊ ကျောက်မဲဆေးရုံ၌ အရေးပေါ်လူနာ ၃ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့သူ ၁ ဦး စုစုပေါင်း ၅၁ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာများသည် ကျောက်မဲရဲစခန်းရှိ အချုပ်ခန်းမှအချုပ်သား ၁၄ ဦး၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်မှ ၁၈ ဦးနှင့် နောင်ပိန်ကျေးရွာမှ ၁၉ ဦးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ဇွန် ၂၂ ရက်နေ့မှစ၍ ဇူလိုင် ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၉၇ ဦး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ ၅၃ ဦး၊ သေဆုံးသူ ၄ ဦးရှိပြီဖြစ်ပြီး ဆေးရုံ၌ ပြင်းထန်ဝေဒနာခံစားရသူ ၈ ဦးရှိကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများ၏ တို့ဖတ်နမူနာများကို ဇူလိုင် ၁၄ ရက်နေ့တွင် ရယူ၍ လားရှိုးမြို့ ဓါတ်ခွဲဌာနသို့ ထပ်မံပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း