မူဆယ်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှု အခြေအနေများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု

 

မူဆယ်  ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအခြေအနေများနှင့် ပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခြင်း ဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မူဆယ်မြို့နယ်၊ နမ့်ပန်ကျေးရွာ၊ မော်တောင်းကျေးရွာ၊ မိုင်းယုကျေးရွာ၊ တုန်ခမ်ကျေးရွာနှင့် မူဆယ်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးတို့၌ မဲဆန္ဒရှင်စာရင်ကပ်ထားမှုနှင့် ပြည်သူများ လာရောက် ကြည့်ရှုမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုမေးမြန်းပြီး လျာထားမဲရုံများကို လည်း ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ပြီး မဲစာရင်းကပ်ထားခြင်းရက်အား ရက်ထပ်တိုးပေးထားသည့် အချိန်ကာလ၌ မဲစာရင်း ပုံစံပြင်ဆင် လာမှုနှင့် လိုအပ်သည့်လမ်းညွှန်ချက်များကို ဖြည့်ဆည်းဆောင်ရွက်မှာကြားသည်။ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ မဲဆန္ဒရှင်စာရင်းကပ်ထားမှုနှင့် အခြားမြို့နယ်အတွင်းရှိ မဲရုံများကိုလည်း မူဆယ်ခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိဦးအောင်ကျော်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဉက္ကဋ္ဌ ဦးစံနော်နှင့် တာဝန်ရှိသူများက ဆက်လက်ကြည့်ရှုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)