ပြင်ဦးလွင် သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့မဈေး နှင့် သီရိရတနာဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မိုးအေးနှင့် ဝန်ထမ်းများ၊ ပြင်ဦးလွင်မြို့နယ် စည်ပင်သာရေးအဖွဲ့ ဈေးဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးတင်ကိုကို၊ စည်းကမ်း ထိန်းသိမ်းရေးဌာနစိတ်မှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းလွင်နှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့မဈေးကြီးရှိ ဝက်သားအရောင်းဆိုင်၊ သီရိရတနာဈေးရှိ ဝက်သားအရောင်းဆိုင်များတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးပိုစတာများ ချိတ်ဆွဲ ဆောင်ရွက်ပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ လိုင်စင်ရဝက်သား ရောင်းချသူများအား အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့ကူးစက်ခြင်းမရှိကြောင်းနှင့် သီရိပဒေသာ ကားကွင်းဝင်ပေါက်တို့၌လည်း အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ပိုစတာများကိုကပ်ခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
မြတ်ဆုမွန်